Thursday, May 31, 2012

စင်ကာပူ၊ အမေရိကား၊ ကနေဒါ၊ လန်ဒန် .. မြန်မာလူငယ်များပညာရေး


ခင်နှင်းစိုး

ကျမ အသက် ၁၂ နှစ်မှာ မိဘများနှင့် စင်္ကာပူနိုင်ငံမှာ ပြောင်းရွှေ့နေထိုင်ပြီး နိုင်ငံခြားဆိုတာနှင့် စတင်ရင်းနီးခဲ့သည်။ အသက် ၁၇ နှစ်အရွယ်ကစပြီး ကနေဒါနှင့် အင်္ဂလန်နိုင်ငံတို့တွင် တစ်ယောက်တည်း ကောလိပ်နှင့် တက္ကသိုလ်သွားတက်တော့၊ နောက်ထပ်နိုင်ငံခြားသို့ ရောက်ခဲ့ပြန်သည်။ နိုင်ငံခြားဆိုသည့်အတိုင်း ကျမရင်ဆိုင်ရတာတွေက အပြောင်းအလဲ အသစ်အဆန်းတွေ ဖြစ်နေခဲ့သည်။ ရောမရောက်ရင် ရောမလိုကျင့်ရမယ် ဟု လူတွေပြောလေ့ရှိကြသည်။ အတိုင်းအတာတခုအထိ မှန်သည်။ သူများနိုင်ငံရောက်မှတော့ ကိုယ်က လူထူးလူဆန်းလို တသီးတခြားဖြစ်နေလျှင် ပတ်ဝန်းကျင်သစ်မှာ နေသားတကျဖြစ်ဖို့ ခဲယဉ်းသည်။ ပတ်ဝန်းကျင်သစ်များက ကျမတို့ အတွေးအခေါ်များ၊ အနေအထိုင်များအပေါ် အတိုင်းအတာတခုအထိ လွှမ်းမိုးတာတွေကို သေချာဆန်းစစ်ရမည်။ အဓိကက ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေတာတွေအပေါ် စဉ်းစားဆင်ခြင် သုံးသပ်တာလုပ်ပြီး၊ စုံလုံးကန်း မျောပါမသွားဖို့ပင်။


အင်္ဂလန်နိုင်ငံမှ တချို့တက္ကသိုလ်မှာ စင်္ကာပူ၊ မလေးရှားတို့က ကျောင်းသွားတက်ကြသူတွေ များပြားသည်။ အင်ဂျင်နီယာလိုင်းတွေမှာဆိုရင် ရှစ်ဆယ်ရာခိုင်နှုန်းလောက်က စင်္ကာပူ မလေးရှားတို့မှ ကျောင်းသား/သူ များ ဖြစ်သည်။
အများစုက သူတို့အသိုင်းအ၀ိုင်းထဲမှာပဲ နေတတ်ကြသည်။ တခြားနိုင်ငံမှ ကျောင်းသားများ၊ အင်္ဂလန်နိုင်ငံသား ကျောင်းသားများနှင့် ပေါင်းသင်းဆက်ဆံ၊ သွားသွားလာလာ မလုပ်ကြ။ ကျမကတော့ အဲလိုအခြေအနေကို မနှစ်သက်မိ။ နိုင်ငံရပ်ခြားကို သွားနေဖို့ အခွင့်အလမ်းရတာကို အကျိုးရှိရှိ အသုံးချပြီး၊ တခြားနိုင်ငံသားတွေနှင့် ခင်မင်ရင်းနီးပြီး သူတို့ အနေအထိုင်၊ အပြုအမူ၊ အတွေးအခေါ်၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို လေ့လာဆန်းစစ်သင့်သည်ဟု မြင်သည်။ ဒါကြောင့်လည်း စင်္ကာပူနိုင်ငံရှိ ကျမစာသင်ခဲ့သော ပေါ်လီတက္ကနစ် (polytechnic) မှ မြန်မာကျောင်းသားများကို ကိုယ့်မြန်မာကျောင်းသားချင်း စည်းလုံးညီညွတ်တာသာမက၊ စင်္ကာပူနှင့် တခြားနိုင်ငံများမှ ကျောင်းလာတက်ကြသော တခြားကျောင်းသား များနှင့်ပါ ထိတွေ့ဆက်ဆံဖို့ အမြဲတိုက်တွန်းမိသည်။

ကျမစာသင်ခဲ့သော Republic Polytechnic (RP) တွင် စာသင်နည်းက လက်ချာ (lecture) ပေးတာမျိုး မဟုတ်။ Problem-Based Learning (PBL) ဆိုတာကို သုံးပြီး၊ ကျောင်းသားတွေကို နေ့စဉ် ပုစ္ဆာ (သို့) ပြဿနာတခုကို ချပေးပြီး၊ အဖွဲ့လိုက် စဉ်းစားတွေးခေါ်ပြီး အဖြေထုတ်တတ်အောင် သင်ကြားပေးသည်။ အဲဒီသင်ကြားနည်းစနစ်ကနေ ကျောင်းသားတွေကို ကိုယ်ပိုင်လေ့လာသင်ယူတတ်အောင် (self-learning)၊ အဖွဲ့လိုက် အလုပ်လုပ်တတ်အောင် (team work)၊ အဖွဲ့ဝင်တယောက်အနေနဲ့ တာဝန်ယူတတ်အောင် (responsibility)၊ ကိုယ့်လေ့လာသင်ယူမှုအပေါ် ကိုယ့်ဘာသာ ပြန်လည်ဆန်းစစ်တတ်အောင် (self-reflection) စတာတွေကို လေ့ကျင့်ပေးသည်။ အဖွဲ့လိုက် တတန်းလုံးကို တင်ပြတာ (presentation) လည်း လုပ်ရသည်။ အမှတ်ပေးတဲ့အခါ စာမေးပွဲရလဒ်က ငါးဆယ်ရာခိုင်နှုန်းလောက်သာယူပြီး၊ ကျန်သည့် ငါးဆယ်ရာခိုင်နှုန်းက အတန်းထဲမှာ နေ့စဉ်လေ့လာသင်ယူမှုအတွက်ပေးသော ဂရိတ်တွေ (grades) ထဲက ယူသည်။ ဒါသင်၊ ဒါကျက်၊ ဒါဖြေ သင်ကြားနည်းစနစ်မျိုးနှင့် အသားကျခဲ့သော မြန်မာကျောင်းသားများ ပထမနှစ် PBL သင်ကြားနည်းစနစ်မှာ အခက်အခဲတွေ့ကြတာ များသည်။ အတွေးအခေါ်ပိုင်းကို ဦးစားပေးသော မေးခွန်းတွေကို မကြုံဖူးတော့၊ မဖြေနိုင်ကြတာ များသည်။ တချို့က အတန်းထဲ ဆွေးနွေးချိန်တွေမှာ ဘာမှဝင်မပြောသောကြောင့် နေ့စဉ်လေ့လာသင်ယူမှုတွက် ဂရိတ်မကောင်းတာတွေ ဖြစ်ကြတော့ စိတ်ပျက်ကြသည်။


သူတို့လိုပဲ RP မှာ စတက်တုန်းက အခက်အခဲတွေ ကြုံခဲ့ပေမယ့်၊ အောင်မြင်သွားသော မြန်မာကျောင်းသူတဦးအကြောင်း ကျမပြောလေ့ရှိသည်။ အဲဒီကျောင်းသူက သူမ၏ ပထမနှစ်ဝက်စာသင်ကာလလောက်တွင် ကျမကို လာတွေ့ပြီး အကြံဥာဏ်တောင်းခဲ့သည်။ အတန်းထဲတွင် သူမနှင့်တဖွဲ့တည်း အတူလုပ်ရသော စင်္ကာပူနှင့် တခြားနိုင်ငံမှ ကျောင်းသားများက သူမကို အဖက်မလုပ်သလို လုပ်ကြောင်း၊ အတွေးအခေါ်ပိုင်းကို ဦးစားပေးသော သင်ခန်းစာမျိုးကို နားမလည်ကြောင်း၊ အတန်းထဲ ဆွေးနွေးချိန်တွေမှာ ပါဝင်ခြင်း (participation) နည်းပါးလို့ အမှတ်မကောင်းတဲ့အကြောင်း၊ တတန်းလုံးမှာ သူမတယောက်တည်း မြန်မာဖြစ်နေတော့ တယောက်တည်းဖြစ်နေတဲ့အကြောင်း စတာတွေ ငိုပြီး ပြောပြခဲ့သည်။

သူများနိုင်ငံမှာ စာလာသင်ရတာဆိုတော့ လူသစ် နေရာသစ်မှာ ဘာမဆိုရင်ဆိုင်နိုင်ဖို့ စိတ်ဓါတ်ခိုင်ခိုင်ထားဖို့ လိုကြောင်း၊ ကိုယ်က အဖွဲ့မှာ သူတို့ထက် အမြဲတော်နေပြီး၊ အရေးပါတဲ့ပံ့ပိုးမှုကို လုပ်ပြနိုင်ရင် ကိုယ့်ကိုလျစ်လျူရှုတော့မှာ မဟုတ်ကြောင်း၊ ဒါကြောင့် နေ့စဉ်သင်ခန်းစာကို ကြိုတင်ပြင်ဆင်ပြီး ကြိုးစားဖို့ ကျမက အားပေးတိုက်တွန်းခဲ့သည်။ ဒုတိယနှစ်တွင် ကျမသင်သောအတန်းမှာ သူမနှင့် ပြန်ဆုံတော့၊ သူမတယောက်တည်းသာ မြန်မာ၊ ကျန်သောကျောင်းသားများက စင်္ကာပူနိုင်ငံသားများ ဖြစ်သည်။ အတန်းထဲမှာ သူမက စာအတော်ဆုံးဖြစ်ပြီး၊ သူမကို သူတို့စာမေးကြတိုင်းလည်း သူမက သေချာရှင်းပြသည်။ သင်ခန်းစာကို ဆွေးနွေးသောအခါတိုင်းလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နှင့် သူမ ပါဝင်ဆွေးနွေးသည်။ ဒါကြောင့် အကုန်လုံးက သူမကိုလေးစားပြီး သူတို့နှင့် တဖွဲ့တည်း ဖြစ်စေချင်ကြသည်။ မြန်မာကျောင်းသူတယောက် အဲလို တိုးတက်အောင်မြင်တာကို ကြည့်ပြီး ကျမဂုဏ်ယူဝမ်းသာမိသည်။ မိဘနှင့်အတူရှိစဉ် မိဘက အကုန်လိုက်လုပ်ပေးနိုင်ပေမယ့်၊ နိုင်ငံခြားရောက်သောအခါ တစ်ယောက်တည်း ရုန်းကန်ကြရသည်။ နိုင်ငံခြားထွက်လာပြီးမှ ကိုယ့်အသိုင်းအ၀န်းမှာ မြန်မာမရှိဟုဆိုပြီး အားငယ်တာမျိုး မဖြစ်သင့်ပေ။ စိတ်ဓါတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့၊ ကိုယ့်ကိုယ်ကိုယ် အားကိုးသောစိတ်၊ ကိုယ့်လုပ်ရပ်အပေါ် တာဝန်ယူတတ်သောစိတ်၊ ကိုယ့်ကို အထင်သေးချင်သူတွေကို ကိုယ့်အရည်အချင်းကို သိအောင် ကြိုးစားမယ်ဆိုသောစိတ်တို့ ရှိဖို့ လိုအပ်သည်။

မြန်မာနိုင်ငံမှ ပညာရေးဝန်ဆောင်မှု လုပ်နေသူတဦးက ပြောဖူးသည် - - “ကျနော့်ဆီလာတဲ့ မြန်မာလူငယ်တွေက နိုင်ငံခြားမှာ ကျောင်းတက်ချင်တာလောက်ပဲ သိကြတယ်။ တက္ကသိုလ်တွေ၊ သင်တန်းတွေအကြောင်း seminar လိုမျိုးတွေနဲ့ အင်ဖော်မေးရှင်း (information) ပေးတော့လည်း နားမထောင်ချင်ကြဖူး၊ သူတို့ နိုင်ငံခြားမှာ ကျောင်းတက်ဖို့ အကောင်းဆုံးဖြစ်အောင် ကျနော်က လုပ်ပေးနိုင်မယ်လို့ ယုံကြည်တယ်၊ ဒီတော့ အဲလို seminar တွေ နားထောင်နေစရာ မလိုဘူး လို့ ပြောကြတယ်။” မြန်မာနိုင်ငံမှာ ၀န်ဆောင်မှုလုပ်ပေးသည့်စနစ်က များပြားလှသည်။ လုပ်ထုံးလုပ်နည်း သတ်သတ်မှတ်မှတ်စနစ်တကျမရှိသော နေရာများတွင် ထိုဝန်ဆောင်သူတို့ကို ပိုက်ဆံပေးလိုက်လျှင် ကိုယ့်အတွက် အလုပ်မရှုပ်တော့။သို့သော် နိုင်ငံခြားမှာ ပညာသင်ဖို့အတွက်၊ ကိုယ်တက်မည့်လိုင်း၊ ကိုယ်တက်မည့် ကျောင်းအကြောင်းတို့ကိုတောင် မလေ့လာချင်တာမျိုးကတော့ မဖြစ်သင့်ပေ။ပညာရေးဝန်ဆောင်မှုလုပ်နေသူက တကယ်စိတ်ထားမှန်နှင့် လုပ်ပေးခဲ့သည်ဆိုရင်တောင်၊ ဘယ်လိုင်းက အသင့်တော်ဆုံးလဲဆိုတာ ကာယကံရှင်လောက် မသိနိုင်။တချို့ဆို စိတ်ထားမမှန်၊ ရတဲ့လိုင်းကို ပိုက်ဆံရ ပြီးရောဆိုပြီး ကျောင်းသားကို ဖြစ်သလို သွင်းပေးလိုက်တာတွေလည်း ရှိသည်။

ဒါကြောင့် ပညာရေး seminar တွေကို လိုက်နားထောင်ပြီး၊ ကိုယ်က ဘယ်လိုင်းမျိုးကို စိတ်ဝင်စားလဲဆိုတာ ကိုယ့်ဘာသာ ဆန်းစစ်သင့်သည်။ နိုင်ငံခြားမှ ကျောင်းတိုင်း မကောင်းကြ။ တချို့က နိုင်ငံခြားကျောင်းသားတွေအတွက် စီးပွားဖြစ်သာ ဖွင့်ထားတာဖြစ်သည်။ ဒါကြောင့် အင်တာနက်မှ ဖြစ်ဖြစ်၊ အဲဒီနိုင်ငံမှာ ကျောင်းတက်နေသော ကိုယ့်အသိအကျွမ်းများမှ တဆင့်ဖြစ်ဖြစ် ကိုယ်တက်မည့် ကျောင်းနှင့် လိုင်းအကြောင်းတို့ကို ထပ်မံ ရှာဖွေလေ့လာသင့်သည်။

မြန်မာလူငယ်အများစုက ကျောင်းတက်ဖို့၊ အလုပ်ရှာဖို့ စတာတွေကြောင့် နိုင်ငံခြားသွားချင်ကြသည်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်စေ နိုင်ငံခြားသွားမည်ဆိုလျှင် ကြိုတင်ပြင်ဆင်တာတွေ ရှိရမည်။ နိုင်ငံခြားသွားသောအခါ ဘာတွေလိုအပ်လဲဆိုတာလည်း ကြိုတင်လေ့လာထားသင့်သည်။ ဥပမာ .. ကျောင်းတက်တာပဲဖြစ်ဖြစ်၊ အလုပ်လုပ်တာပဲဖြစ်ဖြစ် အင်္ဂလိပ်စာကောင်းဖို့ လိုအပ်သည်။ အလုပ်လုပ်သူတွေအတွက် အဓိကက စကားပြော နှင့် သူများပြောတာ ဘယ်လောက်နားလည်လဲ၊ ကျောင်းတက်သူတွေအတွက် စကားပြော၊ နားထောင်ခြင်း၊ အရေး၊ အဖတ် တို့ဖြစ်သည်။

ဘာမှကြိုတင်ပြင်ဆင်မှု မရှိဘဲ၊ သူများတွေသွားလို့ နိုင်ငံခြားကို သွားတယ်ဆိုတဲ့လူမျိုးတွေအတွက် နိုင်ငံခြားမှာ အခက်အခဲတွေ ပိုကြုံရသည်။ ကိုယ်က လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်သွားလျှင်၊ နိုင်ငံခြားအတွေ့အကြုံကနေ မြန်မြန်ဆန်ဆန် လေ့လာသင်ယူပြီး၊ ပိုတိုးတက်နိုင်သည်။

နိုင်ငံခြားမှာကျောင်းတက်ကြသော ကျောင်းသားအများစုက ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်လုပ်ကြသည်။ တချို့က တကယ်ပဲ မိဘကို ငွေကြေးပိုင်းမှာ ကိုယ်တတ်နိုင်သလောက် ကူညီချင်သောကြောင့်၊ တချို့ကတော့ ကိုယ်သုံးချင်တာသုံးဖို့ ဖြစ်သည်။ ကျောင်းချိန်တွေပျက်၊ အလုပ်က ပင်ပန်းသောကြောင့် အတန်းထဲမှာ စာမလိုက်နိုင်သော ကျောင်းသားများကို ကျမ ဆုံရတိုင်း၊ သူတို့၏ ပ်နိုင်ငံခြားလာရသော အဓိကရည်ရွယ်ချက် မပျောက်ဖို့ အရေးကြီးကြောင်း သတိပေးမိသည်။ ကိုယ်က ပညာယူဖို့ဆိုလျှင် ပညာကို ထိပ်တန်းက အမှတ်ကောင်းကောင်းနှင့် ရဖို့ အဓိကဖြစ်သည်။ ပြတ်သားသော ရည်မှန်းချက် ထားပြီး၊ ထိုရည်မှန်းချက်ကို အမြဲဆုပ်ကိုင်ထားဖို့ လိုအပ်သည်။

နိုင်ငံခြားသွားတယ်ဆိုတာလည်း အရေးပါသော ဘ၀အတွေ့အကြုံတခုပင်ဖြစ်သည်။

အဲဒီအတွေ့အကြုံကနေ ဘယ်လောက် လေ့လာသင်ယူနိုင်မလဲ၊ ဘယ်လိုအကျိုးရှိရှိ အသုံးချမလဲဆိုတာ ကျမတို့အပေါ်မှာပင် မူတည်သည်။ စိတ်ဓါတ်ပိုင်းဆိုင်ရာရော၊ နည်းပညာအရရော လိုအပ်တာတွေ သေချာပြင်ဆင်ပြီး နိုင်ငံခြားသွားမှ၊ ကိုယ့်ဘ၀တက်လမ်းကို တွန်းပို့ပေးစေနိုင်သော အတွေ့အကြုံကောင်းတခု ဖြစ်လာနိုင်ပေမည်။
ခင်နှင်းစိုး
၁၈ မေလ ၂၀၁၂
(မေလ ၂၄ ရက် ၂၀၁၂ ထုတ် Venus New

Journal<http://www.maukkha.org/index.php/interview-maukkha/opinion-maukkha/21...>
တွင်ဖော်ပြပြီးဖြစ်သည်)Published on Sunday, 27 May 2012 07:10 Written by ခင်နှင်းစိုး


ဖြည့်စွတ်ရေးသားလိုသည်မှာ အမေရိကန်ရောက်မြန်မာလူငယ်များပညာရေးဖြစ်သည်။


မှတ်ချက်
အထက်ပါဆောင်းပါး၊ စာရေးသူ၏ မိဘများသည် မုံရွာဇာတိဖြစ်သည်။ ဖခင်ဖြစ်သူမှာ သလ္လာစိုးဆင့် (Retired physiotherapist) စာရေးဆရာဖြစ်သည်။၊ မိခင်မှာ ဒေါ်ညိုညိုလင်း (Retired Teacher) မုံရွာမြို့ ပညာရေးဆရာမတဦးဖြစ်သည်။ ဖခင်သည် ဆေးပညာဖြင့် စင်ကာပူတွင် အလုပ်လာလုပ်ရင်း၊ သားသမီးများကို ပညာရေးပြုစုပျိုးထောင်ပေးရုံသာမက၊ မိမိတို့နှင့်နီးစပ်သော မိတ်ဆွေများ၏ သားသမီးများကို ပညာရေးဦးစားပေးရန် အားပေးကူညီ၊ ထောက်ပံ့ခဲ့သူများဖြစ်သည်။ သမီးဖြစ်သူ မခင်နှင်းစိုးသည် စင်ကာပူမှတဆင့်၊ အင်္ဂလန်နိုင်ငံတွင် ပညာသင်ကြား၊ ဘွဲ့ရရှိခဲ့သည်။ စင်ကာပူပြန်လာပြီး အင်ဂျင်နီယာအလုပ်လုပ်ရင်း NTU (Singapore) မှ မာစတာဘွဲ့ရရှိခဲ့သည်။ ထို့နောက် စင်ကာပူ Republic Polytechnic ကျောင်းတွင် ကျောင်းဆရာမ အလုပ်လုပ်ကိုင်ခဲ့ရာမှ အိမ်ထောင်ကျပြီးနောက် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်လျှက်ရှိသည်။ သူမ၏ မိခင်၊ မောင်တစ်ဦးတို့မှာ စင်ကာပူတွင် နေထိုင်လျှက်ရှိပြီး၊ ဖခင်မှာ ပီနန်၊ ဘာတာဝပ် မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင် ဘုန်းတော်ကြီးအဖြစ် ကျောင်းထိုင်လျှက်ရှိသည်။  စင်ကာပူမှ မြန်မာပညာရေး ဗဟုသုတဆောင်းပါအဖြစ် မုရန်တွင် ထပ်မံဖေါ်ပြခြင်း ဖြစ်ပါသည်။


စင်ကာပူအပြီး၊ အမေရိကန်အကြောင်း အနည်းငယ်ရေးပါမည်။
အမေရိကန်တွင် နည်းအမျိုးမျိုးဖြင့်ရောက်လာသူများတွင် ပညာရေး Student Pass ဗီဇာဖြင့်လာသူ အလွန်များပါသည်။ ၂၀၀၇ မတိုင်မီက Student Visa လျှောက်ပြီး၊ ရောက်လာသူ မြန်မာလူငယ်များစွာရှိသလို၊ ဘွဲ့ရ၊ ဘွဲ့လွန် တက္ကသိုလ်ဆက်တတ်ရန် ရောက်လာသူ မြန်မာဘွဲ့ရလူငယ်များလည်း များစွာရှိပါသည်။

မြန်မာပြည်တွင် ၁၀တန်းအောင်ပြီးကာစ လူငယ်အများစု
အမေရိကန် ကောလိပ်၊ တက္ကသိုလ်တခုခုတွင် ကျောင်းဝင်ခွင့်ရအောင် ယူပြီး၊ အမေရိကန် Student Visa လျှောက်ကာ အမေရိကားရောက်လာကြပါသည်။ ယခုအခါ မြန်မာပြည်တွင် ငွေကြေးတတ်နိုင်ပါက Student Visa သိပ်မခက်တော့ပါ။ သို့သော် အမေရိကားတွင် ကျောင်းတက်ပြီး၊ စာမကြိုးစားပဲို.. ငွေရလွယ်သောအလုပ်အကိုင်များလုပ်ကိုင်သွားကြသော မြန်မာလူငယ်များကြောင့်၊ မြန်မာပြည်မှ မိဘများသည် သားသမီးများကို အမေရိကားပညာသင်ပို့ရန် တွန့်ဆုတ်နေချိန်လည်းဖြစ်ပါသည်။

ကျောင်းဝင်ခွင့်ရရန်အတွက် အမေရိကားမှ မိတ်ဆွေတဦးက ဒေါ်လာ၅ထောင်မျှ ဘဏ်စာရင်းပြပြီး၊ ကျောင်းဝင်ခွင့်ကို ရယူနိုင်ပါသည်။ အမေရိကားရောက် စာကြိုးစားသူလူငယ်များအဆိုအရ၊ Student Entry, Student Pass အလွယ်တကူ ရနိုင်သော အမေရိကန်အလယ်ပိုင်း ပြည်နယ်များမှ ကျောင်းများကို လျှောက်ထားသHaင့်ကြောင်း၊ အမေရိကားရောက်မှ မိမိကြိုက်နှစ်သက်ရာ ကော်လိပ်များတွင် ပြောင်းနိုင်ကြောင်း။ မြန်မာကျောင်းသားအများစုမှာ ဆန်ဖရန်စစ္စကို၊ လော့အိန်ဂျယ်၊ နယူးယောက်၊.. စသည့် မြန်မာများစွာရှိသောကျောင်းများတွင် လျှောက်ထားကြရာ၊ တခါတရံ College Entry ၀င်ခွင့်ရရန်ပင် မလွယ်ဖြစ်နေတတ်သည်ဟု ဆိုပါသည်။

၁၀တန်းအောင် ကျောင်းသားများမှာ အထူးသဖြင့် အမေရိကန်အစိုးရ၊ City College များကို လျှောက်ထားကြပါသည်။ ထိုကျောင်းများတွင် ၂နှစ်တက်ပြီး မြန်မာလို ၁၂တန်းအောင်သောအခါ State University ဆက်တက်ပြီး၊ ဘွဲ့ရကြပါသည်။ တချို့လည်း အစိုးရတက္ကသိုလ်မဟုတ်သော Private University များစွာသို့ ဆက်လက်ပညာသင်ကြသည်။ မြန်မာများအဖို့ ထိပ်တန်းတက္ကသိုလ်ကြီးများဖြစ်သော Stanford University, Harvard University .. စသည်များသို့ ၀င်ခွင့်ရန်မလွယ်လှပါ။ စာအလွန်တော်မှသာ ထို နာမည်ကြီးတက္ကသိုလ်များသို့ တက်နိုင်ပါသည်။

ထုံးစံအတိုင်း စာ အလွန်တော်ပြီး၊ ဘွဲ့ရပါက ၀င်ငွေအကောင်းဆုံး ပညာရပ်များမှာ ဥပဒေပညာနှင့်၊ ဆေးပညာ တို့ဖြစ်သည်။ မြန်မာလူငယ်များစွာလည်း အမေရိကန်တက္ကသိုလ်များမှ ဥပဒေဘွဲ့ရများ၊ ဆေးပညာဘွဲ့ရဆရာဝန်များ ရှိနေပြီဖြစ်သည်။


ကျောင်းတက်ရင်း အလုပ်လုပ်ခြင်း
အမေရိကန်၊ ကောလိပ်ကျောင်းများသည် တပတ်လျှင် နာရီ၂၀ခန့် အလုပ်လုပ်ခွင့်ပေးပါသည်။ ထိုငွေဖြင့် စားဝတ်နေရေးကို ဖြေရှင်နိုင်သည်။ Semester တစ်ခုပြီးပါက၊ Scholarship လျှောက်ထားခြင်းဖြင့် မြန်မာလူငယ်များစွာ အမေရိကန်တက္ကသိုလ်များ၏ ပညာသင်ဆုများ ရရှိကာ ကျောင်းစရိတ်၊ ကျူရှင်စရိတ်များ သက်သာကြပါသည်။

မြန်မာမိဘများသည် အမေရိကန်တွင် သားသမီးများကို ကျောင်းထားရန် ငွေမတတ်နိုင်ကြပါ။ ထို့ကြောင့် Part Time အလုပ်လုပ်ပြီး၊ စာကြိုးစားခြင်းဖြင့် Scholarship များရရန် မျှော်လင့်ကြပါသည်။ မိဘအများစုက ကျောင်းသား ပထမနှစ်တွင် ဘာအလုပ်တခုမှ မလုပ်စေပဲ၊ ကျောင်းစာကို အထူးကြိုးစားရန်၊ မိတ်ဆွေ၊ဆွေမျိုးများနှင့် အပ်နှံထားကြပါသည်။

မိဘများ မည်သို့ပင် ပညာရေးအားပေး၊ ငွေအကုန်ခံကြပါစေ၊ ဆွေမျိုးမိတ်ဆွေများထံ မည်မျှအပ်နှံထားပါစေ... သားသမီးများ အမေရိကားတွင်၊ တက္ကသိုလ်ကောလိပ်များ အောင်မြင်ခြင်းသည်၊ သားသမီးကိုယ်တိုင်၊ ပညာတတ်လိုသော စိတ်ပြင်းပြမှုကသာ အဓိကကျပါသည်။

လမ်းလွဲသွားသောမြန်မာကျောင်းသားများ
အထူးသဖြင့်၊ အပြင်တွင် အလုပ်များများလုပ်ပြီး ၀င်ငွေကောင်းလာသော ကျောင်းသားအများစုသည်၊ ငွေနောက်လိုက်ကာ တနာရီ ဒေါ်လာတဆယ်နှုန်း အလုပ်များကို ဖိပြီးလုပ်ကြသည်။ တလ၀င်ငွေ ဒေါ်လာ ၁၅၀၀ခန့်ရပါက၊ အိမ်ကောင်းကောင်း၊ အခန်းကောင်းကောင်း ငှားနေသည်။ ကားပါ ၀ယ်စီးလာသည်။ နောက်ပိုင်း အပျော်အပါး၊ သီဆိုကခုန်မှုများ ပါလာသည်။ စာမလိုက်နိုင်ဖြစ်လာပြီး စာမေးပွဲ ဆက်တိုက်ကျကာ ၂နှစ်ခန့်အကြာ ကျောင်းထွက်လိုက်သည်။ နောင်တရသွားသူ မြန်မာကျောင်းသားများ ဘ၀သစ်ပြန်လည်စတင်ပြီး၊ စာပြန်ကြိုးစားခြင်းဖြင့် လမ်းမှန်ရောက်ရှိ၊ စာမေးပွဲအောင်၊ ဘွဲ့ရသွားသူများလည်း များစွာရှိပါသည်။

မြန်မာလူငယ်အချင်းချင်းဖေးမကူညီခြင်း
အမေရိကားတွင် ကျောင်းတက်သော မြန်မာလူငယ်များသည်၊ ယခင်ကထက် ယခုအခါ ပိုမိုစည်းလုံး ညီညွတ်လာကြသည်။ Part Time - Good Paid Job များကို အချင်းချင်း ရှာဖွေပေးကြသည်။ အချိန်ပိုင်းအလုပ်ကို Disco, Night Club, Restaurant, Hotel များတွင် သွားရောက်လုပ်ကိုင်ပါက အပေါင်းသင်းမှားပြီး၊ လမ်းမှားတတ်ပါသည်။ အထူးသဖြင့် အမေရိကန် ဘာသာရေးတက္ကသိုလ်ကျောင်းသားများ အတွက် Part Time အလုပ်ကောင်းကောင်းများစွာ ရှိပါသည်။ ထိုသူများမှတဆင့်၊ အလုပ်ကောင်းများတွင် Part Time, Good Paid Job များကို ရရှိလေ့ရှိသည်။ လူတိုင်းလုပ်ကိုင်ကြသော စားသောက်ဆိုင်၊ ဓါတ်ဆီဆိုင် အလုပ်များမှာ ပင်ပမ်းလှသည်။

မည်သို့ဖြစ်စေ၊ စိတ်ရင်းစေတနာကောင်းသော မြန်မာလူငယ်များနှင့် အဖွဲ့အစည်းများစွာရှိပါသည်။ San Francisco State University နှင့် San Jose State University ၂ခုတွင် အလယ်ရောက်သွားစဉ်၊ အာဖရိက၊ အာရှတိုက်များမှ Student Pass ရပြီး၊ ပညာသင်နေသူ လူငယ်များစွာနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသူများသည် နှိမ့်ချပြီး၊ ဆရာများ၊ ၀န်ထမ်းများနှင့် ကောလိပ်၊တက္ကသိုလ် Activities လှုပ်ရှားမှုများတွင် ပါဝင်ကြသောကြောင့်၊ တက္ကသိုလ်ကောလိပ်များအတွက် အချိန်ပိုင်း အလုပ်များကို တနာရီ ၁၀ဒေါ်လာခန့်ဖြစ့် သက်သက်သာသာ လုပ်ကိုင်ခွင့်ရရှိကြသည်ကို မြင်ခဲ့ရပါသည်။


ပညာသင်ထောက်ပံကြေးများ
အမေရိကန်ကော်လိပ်၊ တက္ကသိုလ်များနှင့် အစိုးရအဖွဲ့အစည်း၊ ကုမဏီများ ..စသည်တို့တွင် ပညာသင်ထောက်ပံ့ကြေး၊ အမျိုးမျိုးရှိပါသည်။ အထူးသဖြင့် ဝေးလံဒေသများမှ တက္ကသိုလ်၊ ကောလိပ်များတွင် ပညာသင်ပါက ပညာရေးထောက်ပံကြေးများ၊ သေချာပေါက်ရရှိပါသည်။

အမေရိကားပညာလာသင်ရာတွင် စာအထူးကြိုးစားမည် ဆိုသော စိတ်ဖြင့်မလာပဲ၊ ပညာသင်ထောက်ပံကြေးရအောင်လုပ်မည်  ..  ဆိုပြီး မလာရန်ဖြစ်ပေသည်။ အဓိကနှင့် သာမည ခွဲခြားတတ်ရန် အရေးကြီးပါသည်။


နိဂုံး

 အလွှာမျိုးစုံမှာ
လူငယ်များစွာ၊ နည်းမျိုးစုံဖြင့် နိုင်ငံခြားတွင် ပညာလာရောက်ဆည်းပူးကြပါသည်။ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား နိုင်ငံသား လူငယ်များ ဂျပန်၊ဥရောပ၊အမေရိက ပညာသင်ဆုများဖြင့် ပညာဆည်းပူး၊ မိမိတိုင်းပြည်ပြန်လာလုပ်ကြသောအခါ ..မြန်မာစစ်အစိုးရကြောင့် မြန်မာလူငယ်များ ထိုအခွင့်ရေးမရခဲ့ပါ။ ယခုအခါပြောင်းလဲလာသော မြန်မာအစိုးရသစ်အတွက် လူငယ်များတက်လမ်းပိုရှိမည် မျှော်လင့်ပါသည်။ လူငယ်များ အသက်၃၀ကျော်မှ သူတို့အရည်အချင်းများ ပေါ်လွင်လာလေ့ရှိသည်။ ၁၉၈၈နောက်ပိုင်း ပြည်ပပညာသင်ကြသော မြန်မာလူငယ်များစွာ Degree, Master, Doctor Ph.D များရရှိပြီး နိုင်ငံခြားကုမဏီများတွင် အတတ်ပညာရှင်၊ အသိပညာရှင်များ ဖြစ်လာကြပြီး၊ မကြာခင်မှီ နှစ်အနည်းငယ်အတွင်း ထိုလူငယ်များ ထွန်းပေါက်လာပေမည်။ တဆက်တည်း မြန်မာပြည်တွင်းမှ မြန်မာလူငယ်များစွာလည်း ပြည်ပတက္ကသိုလ်များတွင် ပညာသင်ကြားဖို့ ထွက်လာကြမည်မှာ သေချာလှပါသည်။ အရင်ရောက်နေသူများက ညီငယ်မြန်မာပြည်မှ လူငယ်လေးများကို အကောင်းဆုံးလမ်းပြကြပါမည်။
ပညာလို၊ သူဖုန်းစား .. စကားပုံအတိုင်း ပညာသင်ဖို့လာရာတွင်၊ လောက Materialism အပျော်အပါး၊ တီဗွီ၊ တယ်လီဖုန်း၊ အင်တာနက်၊ သီဆိုကခုန်မှုများကို ထိန်းချုပ်ရန်လိုသည်။ အပေါင်းအသင်းမှာ အထူးအရေးကြီးလှပါသည်။

အထက်တွင်ဖေါ်ပြသော မခင်နှင်းစိုး ဆောင်းပါးကို ထပ်မံဖတ်စေလိုပါသည်။ သူမသည် ကိုယ်တိုင် မြန်မာပြည်တွင် အခြေခံပညာသင်ခဲ့ပြီး၊ စင်ကာပူ၊ ကနေဒါ၊ လန်ဒန် နိုင်ငံခြားပညာ ဆက်လက်သင်ယူ အောင်မြင်ခဲ့သူ၊ အင်ဂျင်နီယာ၊ ကျောင်းဆရာမ တစ်ဦးဖြစ်ပါသည်။ သူ့၏ စေတနာပါသော ဆောင်းပါးကို စေ့စေ့ဖတ်မှတ်ရန်၊ အထူးတိုက်တွန်းနှိုးဆော်ပါသည်။


ရွှင်လန်းချမ်းမြေ့ပါစေ...။

ဝတ်မှုန်
၃၁-မေ-၂၀၁၂

တွေ့ဆုံ၊ ခင်မင်၊ အားကျခဲ့ရသော လူငယ်များဖြစ်သည့် ခင်နှင်းစိုး၊ ကိုမိုးချမ်း၊ ကိုဝေဖြိုး၊ ကိုမွန်းအောင်၊ ကိုယိမ်းဘောင်၊ မခိုင်၊ မနေ၊ ကိုကျော်စစ်နိုင်၊ ကိုဇေယျာ၊ ကိုလွန်းလွန်း၊ စုမြတ်အေး၊ ဆန်းသစ်၊ သီရိစံ၊ ဟေမာစိုး .  ..http://groups.google.com/group/all-myanmar-burmese-community နှင့် လမ်းပြကြယ်စာကြည့်တိုက် ..စသည့်လူငယ်များအား လေးစားစွာဖြင့်...။

No comments:

Post a Comment